မိုးဖရဲစိုက်ပျိုးမှုကို ပြည်တွင်းစျေးကွက်အတွက်သာ ရည်ရွယ်စိုက်ပျိုးရန် ကုန်သည်ကြီးများ အကြံပြု
Updated: Aug 31, 2021
တရုတ်နိုင်ငံ၏ နယ်စပ်ဂိတ်များကို ပိတ်ထားမှုကြောင့် မိုးဖရဲစိုက်ပျိုးမှုကို ပြည်တွင်းစျေးကွက်အတွက်သာ ရည်ရွယ်စိုက်ပျိုးသင့်ကြောင်း မူဆယ်ပွဲရုံ ကုန်သည်ကြီးများက အကြံပြုထားပြီး၊ လက်ရှိအချိန်တွင် မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းမှာ လုံးဝ ရပ်ဆိုင်းနေပြီး အနည်းဆုံး ခြောက်လခန့်ကြာမြင့်နိုင်ကြောင်း သိရသည်။ “ လက်ရှိ တရုတ်နယ်စပ်အခြေအနေတွေအရ ဘယ်အချိန်ဖွင့်မယ်ဆိုတာ မသိရဘူး။ တရုတ်ဘက်က ပိတ်တာက နှစ်လသုံးလလောက်လည်း ဖြစ်နိုင်သလို နှစ်ချီပြီးလည်း ကြာသွားနိုင်တယ်။အခုချိန်အထိ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်နိုင်ဖို့အခြေအနေက ဘာမှ သေချာမှုမရှိသလို ကုန်သွယ်ရေးက လုံးဝ ရပ်တန့်သွားပါပြီ။ ဖရဲ၊ သခွားစိုက်တောင်သူတွေအတွက်တော့ ပြည်တွင်းစျေးကွက်ကိုသာ အားထားပြီး ချင့်ချိန်စိုက်ပျိုးပါ။ ကံကောင်းလို့ နယ်စပ်ဂိတ် ပြန်ဖွင့်တာမြန်ရင်တော့ အသီးတွေ ပြန်တင်ပို့နိုင်မှာပါ” ဟု ခွာညိုပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ပြောသည်။
တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှ အဓိကဝင်ထွက်နေသည့် ကျင်စန်းကျော့ဂိတ်ကို ဇူလိုင်လဆန်းပိုင်းတွင် စတင်ပိတ်လိုက်ပြီး ကုန်သွယ်မှု ရပ်တန့်သွားခဲ့ရာ သြဂုတ်လ ၃ ရက်တွင် ရွှေလီမြို့ အုပ်ချုပ်ရေးတာဝန်ရှိသူများက အရေးကြီးဆေးဝါးပစ္စည်းမှလွဲ၍ နယ်စပ်ဂိတ်များကို နှစ်လကြာပိတ်ထားမည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားသည် ဟု သိရသည်။